အသံအိုးကင်ဆာ သတိထားပါ
လူတစ်ယောက်နဲ့ တစ်ယောက် လွယ်ကူစွာ နားလည်ဆက်သွယ်နိုင်ဖို့ စကားသံတွေက အဓိက ကျပါတယ်။ စကားတွေ ပြောနေတာတောင် နားလည်မှုတွေ လွဲနေနိုင်သေးရင် စကားမပြောနိုင်တော့ဘူး ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ဖို့ အခက်အခဲ ဖြစ်မှာ အမှန်ပါပဲ။
စကားသံတွေ ဖြစ်ပေါ်ဖို့ကို လည်ချောင်းထဲမှာ ရှိတဲ့ အသံအိုး (Larynx) က လုပ်ဆောင်ပေးပါတယ်။ အသံအိုးဟာ လေပြွန်ရဲ့ အပေါ်ဘက်မှာ ကပ်လျက် တည််ရှိပြီး သူ့ရဲ့တာဝန်က စကားပြောတဲ့အခါ အသံထွက်အောင်၊ လေပြွန်ထဲကို (အစာစားနေစဥ်) အစာတွေ ဝင်မလာအောင်နဲ့ ရောဂါပိုးတွေ မဝင်နိုင်အောင် လုပ်ဆောင်ပေးတာပါ။
အဲဒီအသံအိုးမှာ ကင်ဆာဖြစ်တဲ့အခါ အဓိကဖြစ်တဲ့ ရောဂါလက္ခဏာက အသံဝင်တာဖြစ်ပြီး ၃ ပတ်ကျော် ကြာတဲ့အထိ မသက်သာရင် အသံအိုးကင်ဆာကို သံသယ ဖြစ်သင့်ပါတယ်။
အသံဝင်တာအပြင်…
- အသံပြောင်းလာတာ၊ အသံက ကွဲအက်အက် ရှတတ ဖြစ်လာတာ
- မျိုချလျှင် နာတာ သို့မဟုတ် မျိုချရ ခက်လာတာ (အစာ၊ ရေစသည်)
- လည်ပင်း အရှေ့ဘက်မှာ အလုံးအကျိတ် ပေါ်လာတာ
- နာတာရှည် ချောင်းဆိုး၊ အသက်ရှူကြပ်တာ
- နာတာရှည် လည်ချောင်းနာတာ သို့မဟုတ် နားကိုက်တာ
- အသက်ရှူလိုက်တိုင်း ရွှီရွှီသံ မြည်နေတာ
- တချို့သူတွေမှာ ခံတွင်းနံ့နံတာ၊ ဝိတ်ကျလာတာ၊ မောပန်းနွမ်းနယ်နေတာနဲ့
- အရမ်းဆိုးလာရင် အသက်ရှူရ ခက်ခဲတာထိ ဖြစ်နိုင်ပါတယ် (အသက်ရှူရခက်ခဲလာရင် အရေးပေါ် လေပြွန်ဖောက်ပေးရပါမယ်)။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူတွေမှာ အဖြစ်အများဆုံးပါ။
- အရက်အများကြီး စွဲသောက်တဲ့သူ
- မိသားစုဝင်ထဲမှာ အသံအိုးကင်ဆာ ဖြစ်ဖူးတဲ့ ရာဇဝင်ရှိသူ
- သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းတဲ့သူ
- ကျောက်ဂွမ်း၊ ကျောက်မီးသွေး စတဲ့ ဓာတုပစ္စည်းတွေ ထိတွေ့ ကိုင်တွယ်နေရသူတွေမှာ ပိုအဖြစ်များပါတယ်။
ကုသမှု အနေနဲ့…
- အသံအိုးကို ခွဲစိတ်ဖြတ်ထုတ်တာ (ခွဲစိတ်ပြီးတဲ့အခါ ပုံမှန်အတိုင်း စကားပြောလို့၊ အသက်ရှူလို့ မရတော့ပါဘူး။ အသက်ရှူနိုင်ဖို့အတွက် လည်ပင်းရှေ့မှာ tracheostomy လို့ခေါ်တဲ့ လမ်းကြောင်းတစ်ခု ဖောက်ထားရတတ်ပါတယ်)
- ဓာတ်ရောင်ခြည် ကင်တာ
- ကင်ဆာဆေးသွင်းတာတွေ လုပ်လေ့ရှိပါတယ်။
စောစောစီးစီး သိရှိပြီး စောစောကုသမှု ခံယူနိုင်ရင် အသက်ရှင်သန်နိုင်ပါတယ်။
ဒါကြောင့် အသံဝင်၊ အသံနာတာ ကြာရှည်နေပြီး အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေထဲက သံသယဖြစ်စရာ ကိုယ့်မှာ ရှိနေရင် မပေါ့ဆဘဲ အချိန်မီ စစ်ဆေးသင့်ပါတယ်။ အချိန်မီ စစ်ဆေးပြီး ကုသနိုင်ရင် အသံအိုးကင်ဆာ ဖြစ်ပေမယ့် သက်တမ်းစေ့ နေသွားနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်